Thursday, February 2, 2012

လူ ၇၉ ယောက်သေတဲ့ အီဂျစ်က ဘောလုံးပွဲ

အီဂျစ်နိုင်ငံ ပို့ဆဒ်မြို့မှာကန်ခဲ့တဲ့ အီဂျစ်ထိပ်တန်းကလပ် အယ်အာလီနဲ့ အယ်မာစရီတို့ မနေ့ကပွဲစဉ်မှာ အနည်းဆုံး ၇၉ ဦးသေပြီး ၂၄၈ ဦး ဒဏ်ရာရတာကြောင့် ဘောလုံးပွဲဟာ ကြောက်မက်ဖွယ်ရာ မြင်ကွင်းတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။

ပို့ဆဒ်မြို့ရှိ ဘောလုံးကွင်းထဲတွင် အဓိကရုဏ်းဖြစ်ပွားပြီး ပွဲကြည့်စင် မီးလောင်ကာ ပရိသတ်များ ပြေးလွှားနေစဉ် (ဓာတ်ပုံ - AP)

အဆိုပါပွဲစဉ်မှာ အယ်မာစရီက အယ်အာလီကို ၃-၁ နဲ့ အနိုင်ရသွားခဲ့ပြီး အယ်မာစရီအသင်းကို အားပေးသူ ပရိသတ်တွေက ကွင်းတွင်းဝင်ရောက်ခဲ့ပြီး အယ်အာလီ ပရိသတ်တွေ၊ လုံခြုံရေးတွေ အပေါ် တိုက်ခိုက်ခဲ့ကြတာပါ။

ပရိသတ်တွေဟာ ဘောလုံးသမားတွေကို လိုက်လံတိုက်ခိုက်ခဲ့ပြီး ပွဲကြည့်စင်ပေါ်ကနေ ကျောက်ခဲ၊ မီးပန်း၊ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ လုံခြုံရေးအရာရှိတဦးက ပြောပါတယ်။ ကစားသမားထဲက တချို့ ဒဏ်ရာရသွားခဲ့ပြီး သေဆုံးတဲ့သူတော့ မရှိပါဘူး။

“ဒါက ဘောလုံးပွဲမဟုတ်တော့ဘူး၊ စစ်ပွဲဖြစ်နေပြီ။ ကျနော်တို့အရှေ့မှာပဲ လူတွေသေကြတယ်။ ဒါက စက်ဆုပ်ဖွယ် အခြေအနေဖြစ်ပြီး ဒီနေ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” လို့ အယ်အာလီ ကစားသမား အဘိုထရိုင်ကာက ပြောပါတယ်။

“ဒီမှာ ဘာလုံခြုံရေးမှ မရှိဘူး၊ လူနာတင်ကားလည်း မတွေ့ဘူး” လို့ သူက ဆက်ပြောပါတယ်။

ဒီနှစ်သင်းကြားမှာ သွေးစွန်းခဲ့တဲ့ သမိုင်းတွေရှိခဲ့ပြီး နှစ်ဖက်အသင်း ပရိသတ်တွေအကြား တိုက်ခိုက်မှုမျိုးတွေ အရင်နှစ်တွေကတည်းက ရှိခဲ့တာပါ။

ဒီအဓိကရုဏ်းအပြီး ကိုင်ရိုမြို့မှာကန်မယ့် အယ်အစ်စမေးလီယာ အသင်းနဲ့ ဇာမယ်လက်တို့ ပွဲစဉ်ကိုလည်း ကူးစက်သွားခဲ့ပါသေးတယ်။ နိုင်ငံပိုင် ရုပ်သံလိုင်းကနေ ကိုင်ရိုမြို့က အားကစားကွင်း မီးလောင်နေတာကို ပြသခဲ့ပါတယ်။ ဒေါသထွက်နေကြတဲ့ ဇာမယ်လက်အသင်း ပရိသတ်တချို့က ပွဲဖျက်လိုက်ရတာကို မကျေနပ်တာကြောင့် ဆန္ဒပြခဲ့ကြသလို ဘောလုံးကွင်းရဲ့ ပွဲကြည့်စင်တချို့လည်း မီးလောင်နေတယ်လို့ ပွဲကြေညာသူက ပြောသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေအပြီးမှာ နိုင်ငံတွင်းက ဘောလုံးပွဲတွေကို အကန့်အသက်မရှိ ရွှေ့ဆိုင်းတယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာက အီဂျစ်နိုင်ငံက ဘောလုံးပွဲအဓိကရုဏ်းမှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

“ကျနော် အရမ်းတုန်လှုပ်သွားပါတယ်။ အခုလို အီဂျစ်နိုင်ငံ ပို့ဆဒ်မြို့က အဓိကရုဏ်းမှာ ဘောလုံးအားပေးသူ ပရိသတ်မြောက်များစွာ သေဆုံးခဲ့တာဟာ ကြေကွဲစရာပါ” လို့ ကြေညာချက်မှာ ပါရှိပါတယ်။

“သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ကျနော်ဝမ်းနည်းပါတယ်။ ဒီနေ့ဟာ ဘောလုံးသမိုင်းအတွက် အမှောင်ဖုံးတဲ့ နေ့တနေ့ပါ။ ဒီလိုဖြစ်ရပ်ဆိုးတွေဟာ မတွေးရဲစရာပါ၊ ဖြစ်လည်း မဖြစ်သင့်ပါဘူး” လို့ ဖီဖာဥက္ကဋ္ဌက ပြောသွားပါတယ်။
http://burma.irrawaddy.org

Print this post

0 comments:

Related Posts Plugin for WordPress, Blogger...