Friday, February 17, 2012

အဲကမ္ဘောဇ လေယာဉ်ပင်လယ်ထဲ မကျအောင် သဲပုံသို့ဝင်တိုးပြီးအရှိန်သတ်

ယနေ့နံနက် ၁၀နာရီ ၄၅ မိနစ်တွင် သံတွဲလေဆိပ်သို့ ဆင်းသက်လာသည့် အဲကမ္ဘောဇပိုင် ဖေါ်ကာလေယာဉ်သည် ပြေးလမ်းအရှိန်လွန်ပြီးနောက် ပင်လယ်ထဲ မကျအောင် လေယာဉ်ပြေးလမ်းအလွန် လက်ဝဲဘက်ရှိ သဲပုံသို့ဝင်တိုးပြီး ရပ်တန့်သွားခဲ့သည်။

ပြေးလမ်းအရှိန်လွန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူတဦးမှ
မရှိကြောင်း နှင့် လေယာဉ်၏ ရှေ့ဘီးကျိုးသွားခဲ့သည်ဟု လေဆိပ်လုံခြုံရေး တာဝန်ခံတဦးက ပြောကြားသည်။

ယခုခရီးစဉ်မှာ ရန်ကုန်- ညောင်ဦး-ဟဲဟိုး-သံတွဲ ခရီးစဉ် ဖြစ်ရာ ဟဲဟိုးမှ သံတွဲသို့ဆိုက်ရောက်အလာတွင် ဖြစ်ပွားခြင်းဖြစ်သည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၅၂ ဦးပါရှိကာ ၃၀ ကျော်မှာ နိုင်ငံခြားသားခရီးသည်များ ဖြစ်သည်ဟု သိရသည်။ လေယာဉ်အား ယခုကဲ့သို့ ထိန်းသိမ်းလိုက်နိုင်သည့်အတွက် အဖြစ်အပျက်ဖြစ်ပြီးပြီးချင်း နိုင်ငံခြားသား ခရီးသည်များက လေယာဉ်မှူးအား လက်ဆွဲနှုတ်ဆက်ကာ ချီးကျူးခဲ့သည်ဟု ယင်းတာဝန်ခံက YPI သို့ပြောသည်။

လေဆိပ်အနီးနေထိုင်သူ ဒေသခံတဦးကမူ “လေယာဉ်ဆင်းလာပြီးတော့ ဖောင်းဖောင်းဖောင်း ဆိုတဲ့ အသံ ၃၊ ၄ ချက်လောက်ကြားလိုက်ရတယ် ၊ နောက်တော့မှ လေယာဉ်ပြေးလမ်းချော်သွားတာလို့ သိလိုက်ရတာ” ဟုပြောသည်။

သံတွဲလေယာဉ်ကွင်းမှာ ပေအရှည် ၈၀၀၀ ရှိပြီး ဆင်းသက်သည့် လေယာဉ်များအနေဖြင့် ပြေးလမ်း အစအဆုံးအသုံးပြုပါက လုံလောက်သည့် ပြေးလမ်းအရှည်ဟု လေဆိပ်ဝန်ထမ်း တဦးကပြောသည်။

အဖြစ်အပျက်ဖြစ်ဖြစ်ချင်း လေဆိပ်ရှိ အရေးပေါ် မီးသတ်ကား၊ လေဆိပ် ဆောက်လုပ်ရေး စီမံကိန်း မှ ရေသယ်ကားများ အသင့်အနေအထားဖြင့် လေယာဉ်အနီးတွင် အသင့်စောင့်ဆိုင်းနေကြသည်ဟု လုံခြုံရေး တာဝန်ရှိသူက ပြောသည်။

ယခုလေယာဉ် အရှိန်သတ်လိုက်သည့် သဲပုံမှာ မကြာသေးမီရက်အနည်းငယ်ကမှ ပုံထားခြင်းဖြစ်၍ ယခုသဲပုံရှိနေခြင်းကြောင့် အန္တရာယ် လျော့နည်း သွားရသည်ဟုလည်း လုံခြုံရေး တာဝန်ရှိတို့က သုံးသပ်ကြသည်။

လေယာဉ်ပြေးလမ်းချော်ခြင်းကြောင့် လေဆိပ် ပုံမှန်လုပ်ငန်းများ ထိခိုက်ခြင်းမရှိပဲ သံတွဲလေဆိပ်သို့ ယနေ့ဆင်းသက်လာရန်ရှိသည့် ခရီးစဉ်များ ပုံမှန်အတိုင်း ဆင်းသက်နိုင်မည်ဟု သိရှိရသည်။ ။
(Yangon Press International)

Print this post

0 comments:

Related Posts Plugin for WordPress, Blogger...